International News

ဒူဘိုင်းတွင် Virtual ကုမ္ပဏီလိုင်စင်လျှောက်ထားနိုင်ပြီဖြစ်

Last Updated:

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုဗဟိုချက်ဖြစ်သည့် ဒူဘိုင်းမြို့သည် ၎င်း၏စီးပွားရေးအခင်းအကျင်းကို ပုံဖော်ရန်အတွက် နည်းပညာအသစ်များနှင့် စိတ်ကူးစိတ်သန်းအသစ်များကို လက်ခံကျင့်သုံးပြီး ဆန်းသစ်တီထွင်မှုအပိုင်းတွင် ရှေ့တန်းမှအစဉ်ရပ်တည်လျက်ရှိပါသည်။ ဒူဘိုင်းတွင် ကုမ္ပဏီလုပ်ငန်းများ ပိုမိုကြီးမားလာစေရန်အတွက် အစိုးရမှ စီးပွားရေးနှင့်သဟဇာတဖြစ်သောပတ်ဝန်းကျင်ကို ရရှိစေရန် အစပျိုးလုပ်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက်ခဲ့ပြီး အခွန်မက်လုံးများပေးခြင်းနှင့် ဗျူရိုကရေစီအတားအဆီးများကို လျှော့ချပေးပြီး ကြီးမားလာသောစီးပွားရေးလုပ်ငန်းများအတွက် ခေတ်မီအခြေခံအဆောက်အအုံများကို ပံ့ပိုးပေးခဲ့ပါသည်။ ဒူဘိုင်းတွင် နိုင်ငံခြားပိုင်ဆိုင်မှုအပြည့်အဝပေးခြင်းနှင့် ရိုးရှင်းလွယ်ကူသောစည်းမျဉ်းများ စီစဉ်ထားရှိခြင်းစသည့်အကျိုးခံစားခွင့်များပေးထားသည့် အခမဲ့ဇုန်များကို ထူထောင်ထားရှိပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် ကွန်ရက်ချိတ်ဆက်မှုကိုမြှင့်တင်ရန်အတွက် နိုင်ငံတကာပွဲများနှင့် ကုန်စည်ပြပွဲများကို ကျင်းပလျက်ရှိပါသည်။ဤသို့သောအစပျိုးဆောင်ရွက်မှုအားလုံးသည် ဆန်းသစ်တီထွင်မှုနှင့် ပြည်ထောင်စုတိုးတက်မှုကို ပံ့ပိုးပေးမည့်တက်ကြွသောပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

ဒူဘိုင်းတွင် ပုံရိပ်ရောင်ကုမ္ပဏီလိုင်စင်(Virtual Company License)၏ စိတ်ကူးစိတ်သန်းကို မိတ်ဆက်ခြင်းအားဖြင့် သမရိုးကျစီးပွားရေးလုပ်ငန်းများကို အသွင်ပြောင်းလဲခဲ့ပါသည်။ ဒူဘိုင်းအစိုးရသည် ကမ္ဘာတစ်ဝှမ်းမှ စွန့်ဦးတီထွင်သူများ စျေးကွက်ဝင်ရောက်ရာတွင် ကူညီနိုင်ရန် ဒူဘိုင်းပုံရိပ်ရောင်စီးပွားရေးမြို့တော်အစီအစဉ်ကို အစပျိုးဆောင်ရွက်လိုက်ပါသည်။ ဤကနဦးခြေလှမ်းအား ပြည်တွင်းနှင့်နိုင်ငံတကာ စီးပွား ရေးလုပ်ငန်းများရှင်သန်ကြီးထွားရန်အတွက် လိုက်လျောညီထွေမှုရှိပြီး ထိရောက်သောလမ်းကြောင်းကို ပေးဆောင်နိုင်ရန်နှင့် စွန့်ဦးတီထွင်နိုင်မှုလုပ်ငန်းများကို ပြန်လည်သတ်မှတ်နိုင်ရန် လမ်းညွှန်ပေးထားပါသည်။

ဒူဘိုင်းပုံရိပ်ရောင်စီးပွားရေးမြို့တော်အစီအစဉ်သည် အစိုးရအဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် စတင်ခဲ့သော အပြောင်းအလဲစီမံချက်တစ်ခုဖြစ်ပါသည်။ စီးပွားရေးနှင့်ခရီးသွားလာရေးဌာန(DET)၊ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးစင်တာ(DIFC)၊ လူနေထိုင်ခွင့်နှင့်နိုင်ငံ ခြားရေးအထွေထွေညွှန်ကြားမှုဦးစီးဌာန(GDRFA)နှင့် ဒစ်ဂျစ်တယ်ဒူဘိုင်းဌာနစသည့်အစိုးရအဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် စတင်ဆောင်ရွက်ခဲ့သော အပြောင်းအလဲစီမံချက်တစ်ရပ်ဖြစ်ပါသည်။ ဒူဘိုင်းပုံရိပ်ရောင်စီးပွားရေးမြို့တော်အစီအစဉ်သည် ၂၀၁၉ ခုနှစ်တွင် ယူအေအီးနိုင်ငံ ဒုတိယသမ္မတ၊ ၀န်ကြီးချုပ်နှင့် ဒူဘိုင်းအုပ်ချုပ်သူ H.H. Sheikh Mohammed bin Rashid Al Maktoum မှထုတ်ပြန်ခဲ့သည့် နှစ် ၅၀ ပဋိညာဉ်စာချုပ်၏ အပိုဒ် ၃ တွင်ဖော်ပြထားသော စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး၊ ပထဝီဒေသဆိုင်ရာ အတားအဆီးများကြောင့် စီးပွားရေးဆိုင်ရာ စိတ်ကူးစိတ်သန်းများကို ကန့်သတ်မထားသင့်ဟူသော အတွေးအခေါ်မှ ဤအစပျိုးဆောင်ရွက်မှု စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။

ဤအစီအစဉ်အရ ယူအေအီးနိုင်ငံအတွင်း နေထိုင်ရန်မလိုဘဲ ကမ္ဘာတစ်ဝှမ်းမှ စီးပွားရေးစွန့်ဦးတီထွင်သူများနှင့် လုပ်ငန်းဆောင်ရွက်ကြသူများကို ယူအေအီးနိုင်ငံတွင် ပုံရိပ်ရောင်ကုမ္ပဏီတစ်ရပ် ဖွင့်လှစ်နိုင်စေမည်ဖြစ်ပါသည်။ ဤသည်မှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် နေထိုင်ခွင့်ဗီဇာ သို့မဟုတ် တရားဝင်ခွင့်ပြုချက်မလိုအပ်ဘဲ ယူအေအီးနိုင်ငံတွင် ပုံရိပ်ရောင်ကုမ္ပဏီလိုင်စင်ဖြင့် လုပ်ငန်းလုပ်ဆောင်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

ဒူဘိုင်းပုံရိပ်ရောင်စီးပွားရေးမြို့တော်သည် ကမ္ဘာ့ပထမဆုံးသော ဒစ်ဂျစ်တယ်ကုန်သွယ်မှုမြို့တော်ဖြစ်လာမည်ဖြစ်ပါသည်။ ဤအစီအစဉ်တွင် တင်သွင်းလာသော မည်သည့်ကုန်ပစ္စည်းကိုမဆို အခွန်၊ အခွန်စည်းကြပ်မှု သို့မဟုတ် ခွဲတမ်းမလိုအပ်သည့်ကုန်သွယ်မှုဇုန်တစ်ရပ်ကို ကမ်းလှမ်းထားပါသည်။

ပုံရိပ်ရောင်လိုင်စင်သည် ဒူဘိုင်းပုံရိပ်ရောင်စီးပွားရေးမြို့တော်အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ဤလိုင်စင်တွင် ဒူဘိုင်း၌ ရုပ်ပိုင်းဆိုင်ရာအဖြစ်တည်ရှိနေရန်မလိုအပ်ဘဲ ကုမ္ပဏီများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် လည်ပတ်နိုင်စေနိုင်မည်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများသည် ယခုအခါတွင် ရုံးခန်းနေရာ သို့မဟုတ် ကုန်ပစ္စည်းသိုလှောင်ရန်ဂိုဒေါင်စသည့်သမားရိုးကျလိုအပ်ချက်များရှိရန်မလိုအပ်ဘဲ ဒူဘိုင်းတွင်လုပ်ငန်းစတင်တည်ထောင်သူများ၊ လုပ်ငန်းဆောင်ရွက်ကြများနှင့် နိုင်ငံတကာကုမ္ပဏီများအတွက် ဆွဲဆောင်မှုရှိသောရွေးချယ်မှုတစ်ရပ်အဖြစ် ဒူဘိုင်း တွင် လုပ်ငန်းတည်ထောင်နိုင်ပြီဖြစ်ပါသည်။

ဤပုံရိပ်ရောင်ရပ်ဝန်းသည် စီးပွားရေးလုပ်ငန်းပိုင်ရှင်များနှင့် ဝေးလံသောနေရာများမှ လုပ်ငန်းဆောင်ရွက်ကြသူများ အများအပြားလုပ်ငန်းလုပ်ဆောင်နိုင်သည့် အွန်လိုင်းနေရာတစ်ခုအဖြစ် စည်းမျဉ်းစည်းကမ်းများဖြင့် ပြဌာန်းဆောင်ရွက်ထားပါသည်။ ဤသည်မှာ စီးပွားရေးလုပ်ငန်းတည်ထောင်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းအတွက် အသွင်ပုံသဏ္ဍန်ပြောင်းလဲသည့်လမ်းကြောင်းတစ်ခုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုလိုအပ်ချက်ကို ဖယ်ရှားပြီး ဒစ်ဂျစ်တယ်စွန့်ဦးတီထွင်မှုကို လက်ခံခြင်းဖြင့်၊ ဒူဘိုင်းသည် ကမ္ဘာ့စီးပွားရေးအသိုင်းအဝိုင်းအတွက် စံနှုန်းအသစ်များကို သတ်မှတ်ပေးလျက်ရှိပါသည်။ ဒူဘိုင်းရှိ ပုံရိပ်ရောင်ကုမ္ပဏီလိုင်စင်ကိုင်ဆောင်သူများသည် စျေးကွက်အသစ်များရှာဖွေခြင်း၊ ၎င်းတို့၏ ငွေများကို ရင်းနှီးမြုပ်နှံခြင်း၊ လုပ်ငန်းသဘောတူညီချက်များပြုလုပ်ခြင်း၊ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ခြေရာခံခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လုပ်ငန်းစာရွက်စာတမ်းများကို အွန်လိုင်းတွင် ကိုင်တွယ်ခြင်းကဲ့သို့သော လှုပ်ရှားမှုများတွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။

ဤလိုင်စင်ကို အစပျိုးမိတ်ဆက်ခြင်းမှာ နောင်အနာဂတ်အတွက် သိသာထင်ရှားသော သက်ရောက်မှုများရှိလာမည်ဖြစ်ပြီး ပထဝီဒေသဆိုင်ရာအတားအဆီးများကို ဖြိုဖျက်မည့်နေရာတိုင်းမှ စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာတွင် လည်ပတ်နိုင်အောင်လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးအခင်းအကျင်းကို ပြန်လည်သတ်မှတ်နိုင်ရန် အသင့်အနေအထားတွင်ရောက်ရှိနေပြီဖြစ်ပါသည်။ သို့ဖြစ်ရာ စီးပွားရေးလုပ်ငန်းများ သည် ဒူဘိုင်းတွင် စျေးကွက်ဝင်ရောက်ရာတွင် ပိုမိုလွယ်ကူစွာရှာဖွေနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုများတည်ရှိနေရန်မလိုအပ်တော့ဘဲ စီးပွားရေးလုပ်ငန်းအခွင့်အလမ်းသစ်များကို ရှာဖွေနိုင်မည်ဖြစ်ကာ နိုင်ငံ့စီးပွားရေးတိုးတက်မှုကို တွန်းအားပေးနိုင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများများပြားလာစေရေးအတွက် မတူကွဲပြားသည့်စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်ခေါ်ယူနိုင်မည်ဟုမျှော်လင့်ထားပြီး ဒစ်ဂျစ်တယ်လုပ်ငန်း ဆောင်တာများကို အလေးထားဆောင်ရွက်ခြင်းအားဖြင့် အွန်လိုင်းစီးပွားရေးအလေ့အထများနှင့် နည်းပညာအသုံးပြုမှုများတွင် ဆန်းသစ်တီထွင်မှုကို တိုက်တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း e-Commerce အွန်လိုင်းဈေးဆိုင်များအား လိုင်စင်လျှောက်ထားပြီး စနစ်တကျလုပ်ငန်းဆောင်ရွက်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိသလို မြန်မာနိုင်ငံရှိ e-Commerce လုပ်ငန်းများ၊ Online ဖြင့် ဆောင်ရွက်လျက်ရှိသည့် SME/MSMEs လုပ်ငန်းများအား အာဆီယံနှင့်နိုင်ငံတကာတွင် လုပ်ငန်းအောင်မြင်လာစေရန်အတွက် ဆွဲဆောင်စည်းရုံးတိုက်တွန်းမှုများကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ MyCO ကဲ့သို့သော ကုမ္ပဏီလုပ်ငန်းအွန်လိုင်းမှတ်ပုံတင်လိုင်စင်လျှောက်ထားခြင်းကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပြီး အခြားသောစီးပွားရေးလုပ်ငန်းဆက်စပ်ဌာနဆိုင်ရာများမှလည်း အွန်လိုင်းမှတ်ပုံတင်လိုင်စင်လျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်များအား လူကိုယ်တိုင်လာရောက်ရန် မလိုအပ်ဘဲ လုပ်ငန်းဆောင်ရွက်ခွင့်လိုင်စင်ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သဖြင့် မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းဆိုင်ရာအလေ့အထကောင်းများရရှိထားပြီးဖြစ်သည့်အလျောက် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ဆောင်ရွက်လျက်ရှိသည့် ဒူဘိုင်းပုံရိပ်ရောင်စီးပွားရေးမြို့တော်အစီအစဉ်ကဲ့သို့သော သမရိုးကျမဟုတ်သည့် ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းများအတွက် အစပျိုးကနဦးစမ်းသပ်အစီအစဉ်များကို သက်ဆိုင်ရာဌာနများမှ ဖြစ်နိုင်ချေရှိသည့်စီမံချက်များရေးဆွဲကာ စည်းမျည်းစည်းကမ်းများသတ်မှတ်၍ အကောင်အထည်ဖော်စီမံဆောင်ရွက်သွားမည်ဆိုပါက အချိန်တိုအတွင်းကုန်ကျမှုအနည်းဆုံးဖြင့် စီးပွားရေးလုပ်ငန်းများလွယ်ကူလျင်မြန်အဆင်ပြေစွာ နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

အရင်းအမြစ်   -         focus.hidubai.com

ပေးပို့သူ         -         ဦးနန္ဒာစိုးမြင့်

Category: International News